၎င်းအချက်သည်အရေးကြီးပါသည်။ သဘာဝ ကို အသုံးချရန် ၄င်း၏ အလေ့အထကို ကြိုတင်သိထားရန်လိုသည်။ ရေအားကို သုံးမည်ဆိုပါက ထိုဒေသ ရှိ မြစ်ချောင်းများ၏ သဘောသဘာဝများ၊ ရေစီးကြောင်းပြောင်းလဲမှုများ မှ အစပြုကာ မိုးရေချိန် အထိ အသေးစိတ် အချက်အလက်များ ဆယ်စုနှစ် ချီကာ စုဆောင်းရရှိထားရန် အထူး လိုအပ်ပါသည်။ လေအားဆိုလျင်လည်း လေတိုက်နှုန်းများနှင့် နေရောင်ခြည်စွမ်းအင်အတွက် လည်း အချက်အလက်များ ပထ၀ီ ဒေတာများ လိုအပ်နေပေသည်။ ယခု ကိုယ်ထူကိုယ်ထ လေ့လာ စမ်းသပ်ကြမည်ဆိုပါက ၄င်းဒေတာများရရှိရန် အခက်အခဲများရှိနိုင်ပါသည်။ သို့သော် ကံကောင်းသည်မှာ ၄င်းဒေတာများ နှင့် ပက်သက်သော အချက် အလက်များမှ တချို့ကို တရုတ်နှင့် အချို့ ၀က်ဘ်ဆိုဒ် များမှ ရနိုင်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် ယုံကြည် စိတ်ချရသော ဒေတာများ မြန်မာ ပြည်တွင်းမှာ ရရှိနိုင်ရန် အလွန် အခွင့်အလမ်း နည်းပါး နေပါသေးသည်။
ကိုယ်ထူကိုယ်ထ လုပ်ဆောင်ကြသည်ဆိုသော်လည်း ရမ်းလုပ် မှန်းလုပ် မလုပ်ကြစေလိုပါ။ စံနစ်တကျ ဒေတာများ စုဆောင်းခြင်း၊ နည်းပညာများစုဆောင်းခြင်း၊ အသေးစိတ်တွက်ချက်ခြင်း၊ optimization ပြုလုပ်ခြင်း၊ analysis ပြုလုပ်ခြင်းစသော အင်ဂျင်နီယာ နည်းလမ်းများကို အသုံးပြုလုပ်ဆောင်စေချင်ပါသည်။ လက်တလော ထလုပ်ကာ အဖြစ် လုပ်ခြင်းထက် အချိန်ပေးကာ နည်းပညာ တစ်ခုအနေဖြင့် တည်ထောင်ယူခြင်း ကို ပိုမို အားပေးချင်ပါသည်။ ကျွန်တော် မြစ်ကြီးနားတွင် ရှိစဉ်က ရေအားလျှပ်စစ် အသေးစားလေးတစ်ခု ကို ရှမ်းလူမျိုးတစ်ယောက် ပြုလုပ်ထားသည်ကို လေ့လာဖူးပါသည်။ ၄င်းကဲ့သို့ working model များနှင့် အတွေ့ အကြုံများကိုလည်း လေ့လာရန်လိုအပ်ပါသည်။ သီအိုရီ၊ အတွက်အချက်များနှင့် လက်တွေ့ အခြေအနေ၊ လိုအပ်ချက်များ ပေါင်းစည်းကာ ၀ိုင်းဝန်း လုပ်ဆောင်သွားရန် လိုအပ်လှပါကြောင်း ခင်ဗျား။

